~ ငွေကြေးမဲ့အလှူ ~

~ ငွေကြေးမဲ့အလှူ ~

~ ငွေကြေးမဲ့အလှူ ~

**********

အိုင်အမ် ဘာဘီဂဲလ် အင်မိုင် ဘာဘီဝေါ (ဖုန်းလာသံ) ……

…..

ဟဲလို.. ဟုတ်ကဲ့အန်တီ .. ဟုတ် လှူလို့ရပါတယ်.. ဒါပေမယ့် ခုချိန်က ရုံးမှာမို့ ထွက်လာလို့ မရသေးဘူးရှင့်….. ဟုတ် ဟုတ် ဒါဆို ညနေ ၆ နာရီလောက် ဆေးရုံကို အရောက်လာခဲ့မယ်      နော် … (ဖုန်းချသံ)

…….

ကျွန်မ ကုမ္ပဏီတစ်ခုမှာ ရုံးထိုင်ဝန်ထမ်းလုပ်ပါတယ်။ မိုးလေးတစ်စိမ့်စိမ့်နဲ့ ဂျူလိုင်မိုးဦးတစ်ရက်မှာပေါ့၊ ဆက်သွယ်နေကျ အဖွဲ့စည်းတစ်ခုကနေ ကျွန်မကို အရေးပေါ်သွေးလိုလို့ လှမ်းခေါ်ပါတယ်။ဒါနဲ့ ညနေခင်းရောက်တော့ ရုံးဆင်းတာနဲ့ ကျွန်မ taxi ငှားပြီး ရန်ကင်း ကလေးဆေးရုံကို အပြေးလေး သွားလိုက်တယ်။ ကလေးလေးက မိန်းကလေး….. ကလေးမိဘတွေက မျက်ရည်လေးတွေဝဲလို့….. ကျွန်မကိုတွေ့တော့ သမီးလေးအတွက် သွေးအလှူရှင်လာပြီဆိုပြီး ကျေးဇူးတင်နေတဲ့ မျက်နှာတွေနဲ့ ကြည့်နေကြတယ်။ ကျွန်မ သွေးလှူရှင် စာရွက်မှာ မေးခွန်းလေးတွေ ကို tick လုပ်ပြီးဖြေလိုက်တယ်။ အနားယူပြီးသလိုလည်း ဖြစ်တာနဲ့ သူနာပြုတစ်ယောက်က သွေးပေါင်လာချိန်ပေးတယ်။ ကံကောင်းတာတစ်ချက်က ကျွန်မသွေးပေါင်ချိန်တိုင်း အမြဲ ၁၂၀-၈၀ ဆိုတော့ ရောဂါတွေရှိမရှိရယ် ကလေးနဲ့ Blood type တူမတူနဲ့ တခြားကူးစက်ရောဂါတွေရှိမရှိစစ်ဖို့ကိုပဲ သွေး ပုလင်း ၂ ခု တန်းထုတ်လိုက်တယ်။

 

ကျွန်မ ခုံမှာ ထိုင်စောင့်နေခဲ့တယ်…အဲဒီမှာ ပြာယာခတ်နေကြတဲ့ ဆရာဝန်တွေနဲ့ သွေးလိုနေတဲ့ ကလေးမိဘတွေလည်း အများကြီးပဲ။ တစ်ပြိုင်နက်ထဲမှာ စကားတစ်ခွန်းအော်ပြောတာ ကြားလိုက်ရတယ် …အဲဒီနောက် ကျွန်မ တော်တော် လေးရင်တုန်သွားခဲ့တယ်.. ကလေးက expire ဖြစ်သွားပြီတဲ့။ ကလေးလေးက အနှီးထုပ်လေးနဲ့ ဖန်ပေါင်းချောင်ထဲမှာကို မျက်စိထဲကမထွက်ဘူး ။ ကျွန်မတစ်ကိုယ်လုံး အားမရှိတော့သလို ခံစားလိုက်ရတယ်။ ကိုယ့်ကိုကိုယ်လဲ ဘာလို့ စောစောမလာလိုက်တာလဲ၊ ခွင့်ယူပြီးမလာလိုက်ရတာလဲဆိုပြီး ထပ်ခါ ထပ်ခါ အပစ်တင်ရင်း ကလေးမိဘတွေကို မျက်နှာချင်းမဆိုင်ရက်လို့ တိတ်တိတ်ကလေး ဆေးရုံအောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်။ မိုးကလည်း ရွာနေတုန်းပဲ……. အဲဒီနေ့မှ ပိုသည်းနေသလားတောင် အောက်မေ့ရတယ်သမီးလေးရေ…… အန်တီနောက်ဆိုရင် စောစောလာနိုင်အောင် ကြိုးစားပါ့မယ်ကွယ်….

 

{ကျွန်မက ဘာကြောင့် emergency အတွက်ကို အဓိက ထားပြီး သွေးလှူဖြစ်နေလဲဆိုတာ ဒီနေရာမှာ တစ်ဆိတ်လောက် ရှင်းပြပါမယ်။ ကျွန်မက လူတွေကို ကူညီရတာ ဝါသနာပါတယ်။ ရန်ကုန်မှာ ရုန်းကန် နေထိုင်နေရတော့ ငွေကြေးအားဖြင့် သိပ်ပြီးမကူညီနိုင်ပါဘူး။ ဒီတော့ ငွေကြေးမလိုအပ်တဲ့နေရာတွေမှာ လုပ်အားနဲ့ကူမယ်၊ ငွေကြေးမကုန် လူ့အသက်ကိုလည်း အလွယ်တကူ ကယ်နိုင်မဲ့ သွေးလှူတာကို တတ်နိုင်သမျှလုပ်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပထမဆုံးသွေးလှူဖူးပြီးတဲ့ အချိန်တုန်းက သွေးလှူတဲ့အကြောင်းတွေကို မိတ်ဆွေ ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးဖြစ်တယ်။ အဲဒီမှာ ဘာသိလိုက်ရလဲဆိုတော့ တစ်ချို့ကလေးငယ်တွေဟာ သွေးဘဏ်က သွေးတွေ လက်ခံလို့မရနိုင်ပါဘူး။ ခုထုတ်ထားတဲ့သွေးရေကြည်ကို ချက်ချင်းသွင်းမှ အသက်ရှင်နိုင်မယ်ဆိုတာပါ။ ကျွန်မ ဆုံးဖြတ်ခဲ့ပါတယ်.. ဟုတ်ပြီ ခုခေတ်မှာ ဘဏ်မှာ လှူတဲ့ အလှူရှင်တွေများတယ်၊ emergency အတွက် ထားထားတာတွေက ရှားလာတယ်ဆိုတာပေါ့။ အကယ်၍ ကျွန်မက သွေးဘဏ်မှာ လှူထားတာ ၄ လမပြည့်သေးဘူးဆိုပါစို့။ အဲအချိန်မှာ ကျွန်မကို emergency ကလေးတွေအတွက် သွေးလိုတဲ့မိဘတွေ ဖုန်းခေါ်လာရင် သွေးထပ်ပေးဖို့ မဖြစ်နိုင်သေးပါဘူး။}

 

ဒီတော့ ကျွန်မပြောချင်တာက ကိုယ့်မှာ သဘာဝက ပေးထားပြီးသား သွေးတွေ ရှိပါတယ်။ ခန္ဓာကိုယ်ထဲက သွေးတွေဟာ ထုတ်ပြီးရင် အသစ်ပြန်ဖြစ်ပါတယ်။ သွေးထုတ်လိုက်တဲ့သူတွေ အနေနဲ့လည်း ပိုပြီးကျန်းမာလတ်ဆတ်တဲ့ သွေးတွေ ရလာနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်လည်း ပေါင်ချိန်ပြည့်ရင်၊ သွေးအားကောင်းတယ်လို့ ယူဆရင် ဒီနေရာက သွေးလှူဖို့ တိုက်တွန်းပါတယ်။ သွေးရည်ကြည်ဟာ ဝယ်ယူလို့ မရနိုင်သလို ခေတ်ပညာတွေနဲ့လည်း တီထွင်လို့ မရနိုင်ပါဘူး။ ကျွန်မတို့ တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ တစ်ဖက် တစ်လမ်းကနေ ငိုနေတဲ့မိဘတွေ အသက်လုနေတဲ့ကလေးငယ်လေးတွေ နည်းလာအောင် ကူညီကြရအောင်လားနော်…

 

မေတ္တာဖြင့်

သန္တာ

(ကလေးလေးတွေအတွက် ၂၁ ကြိမ်သွေးရည်ကြည်လှူဒါန်းပြီးအမှတ်တရ)

1 Comment

  1. Pu Too - ဇွန် 5, 2020 Reply

    Thank you for sharing

Leave a Comment

Your email address will not be published.